ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းနည်းပြအဖြစ်နဲ့ အသင်းဟောင်း စပါးအသင်းအိမ်ကွင်းကို ပထမဆုံးပြန်လာခဲ့ရတဲ့ပွဲမှာ ချယ်လ်ဆီးအသင်းက စပါးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ စပါးအသင်းက ကူလူဆက်ဗ်စကီးရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ရိုမဲရိုးတိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ပယ်လ်မာက ချယ်လ်ဆီးအတွက် ပင်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့တာပါ။ဒီပွဲစဉ်မှာ VAR ဟာ တော်တော်လေးအလုပ်လုပ်ခဲ့ရပြီး ပထမပိုင်းမှာ ၂ သင်းရရှိခဲ့တဲ့ သွင်းဂိုး ၅ ဂိုးကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ စပါးအသင်းနောက်ခံလူ အူဒိုဂီ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံရပြီးနောက်မှာ ချယ်လ်ဆီးအသင်းက ပွဲကို စိတ်ကြိုက်ကစားသွားခဲ့ပြီး တိုက်စစ်မှူး ဂျက်ဆန်က ဟတ်ထရစ်ဂိုးသွင်းယူသွားခဲ့တာပါ။အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ စပါးအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ်ရှိခဲ့တဲ့ စပါးအသင်းအတွက်တော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိတဲ့အသင်းမရှိတော့ပါဘူး။စပါးအသင်းရဲ့ရှုံးပွဲကြောင့် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ကို ဦးဆောင်လိုက်ပြီး စပါးအသင်းက ဒုတိယနေရာရောက်ရှိသွားခဲ့ပါတယ်။