ချယ်လ်ဆီးအသင်းကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ ၂၀၂၃-၂၄ ရာသီအတွက် ချီးမြှင့်တဲ့ အသင်းရဲ့ရာသီအကုန်ဆုပေးပွဲမှာ အကောင်းဆုံးဆု ၂ ဆုကို ရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၂၄ ဂိုးသွင်းပြီး ၁၃ ဂိုးဖန်တီးထားတာပါ။အဲ့ဒါကြောင့် ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ အသင်းဖော်တွေအချင်းချင်းက ပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။
ကိုးလ်ပါလ်မာဟာ အသင်းဖော်တွေပေးတဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပေမယ့် သူကတော့ ဒီဆုအတွက် ဂတ်စတိုကို မဲပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ဂတ်စတိုဟာ သူနဲ့အတူ ညာအခြမ်းမှာ အကောင်းဆုံးကစားခဲ့ပြီး တစ်ရာသီလုံးအကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသခဲ့တယ်လို့ ဆိုခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ဒီရာသီ ချယ်လ်ဆီးအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ်ကချီးမြှင့်မယ့် အကောင်းဆုံးဆုတစ်ခုကိုလည်း ရယူနိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။