အသလက်တီကိုမက်ဒရစ်အသင်းရဲ့အပယ်ခံကစားသမားတစ်ဦးဖြစ်တဲ့ ဂျာအိုဖီးလစ်က သူဟာ ဘာစီလိုနာအသင်းမှာ ကစားချင်တယ်လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ သူ့ကို လန်ဒန်ကလပ်က အပြီးသတ်မဝယ်ယူတာကြောင့် အသလက်တီကိုအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ဒါပေမယ့် စပိန်ကလပ်ကလည်း ပေါ်တူဂီကစားသမားကို ရောင်းချဖို့ ရှိနေတာဖြစ်ပါတယ်။
ဂျာအိုဖီးလစ်နဲ့ နည်းပြ ဆီမြွန်နီတို့ရဲ့ဆက်ဆံရေးဟာ အဆင်မပြေတာကြောင့် စပိန်ကလပ်ဟာ အခုအပြောင်းအရွှေ့မှာ သူ့ကို ရောင်းချဖို့ ပြင်ဆင်နေတာပါ။မကြာသေးခင်ကလည်း အသလက်တီကိုအသင်းဟာ သူ့ရဲ့ကျောနံပတ် ၇ ကို ဂရစ်ဇ်မန်းထံ ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်း ဆက်ဆံရေးဟာ ပိုပြီးယိုယွင်းလာခဲ့တာဖြစ်ပါတယ်။

ဂျာအိုဖီးလစ်က “ကျွန်တော် ဘာစီလိုနာအသင်းမှာ ကစားချင်ပါတယ်။ ဘာစီလိုနာက အမြဲတမ်းကျွန်တော့်ရဲ့ပထမဆုံးရွေးချယ်မှုဖြစ်ပြီး ဘာစီလိုနာအသင်းထံ ပြောင်းချင်ပါတယ်။ ဒါက ကလေးဘဝကတည်းက အိပ်မက်ဖြစ်ပြီး ဒီလိုဖြစ်လာခဲ့ရင်တော့ ကျွန်တော့်ရဲ့အိပ်မက်တွေက အမှန်တကယ်ဖြစ်လာမှာပါ”လို့ ပြောခဲ့တာပါ။

ဂျာအိုဖီးလစ်အတွက် အသလက်တီကိုရဲ့တောင်းဆိုမယ့် ဈေးနှုန်းဟာ မြင့်မားဖွယ်ရှိနေတာကြောင့် ဘဏ္ဍာရေးကို အကန့်အသတ်နဲ့သာ လုပ်နေရတဲ့ ဘာစီလိုနာအနေနဲ့ ပေါ်တူဂီကစားသမားကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။