ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွဲယားဟာ အခွင့်အရေးပြန်ရတဲ့အချိန်မှာ အသင်းကို ရှိသင့်တဲ့နေရာပြန်ရောက်အောင်ကူညီပေးချင်တယ်လို့ ပြောလိုက်ပါတယ်။

မက်ဂွဲယားဟာ ကိုပေဟေဂင်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးတွေပြန်လည်ရှင်သန်အောင် အကူအညီပေးနိုင်ခဲ့ပါတယ်။
မက်ဂွဲယားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အားလုံးရဲ့ဝေဖန်မှုတွေကို ခံခဲ့ရပြီး ယူနိုက်တက်အသင်းမှာလည်း နေရာမရခဲ့ပေမယ့် ကိုယ့်အလုပ်ကိုကြိုးစားပြီး အခွင့်အရေးပြန်ရတဲ့အချိန်မှာ အကောင်းဆုံးတွေကို လုပ်ဆောင်ပြသနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်း ကိုပေဟေဂင်အသင်းနဲ့ ပွဲအပြီးမှာ ပရိသတ်တွေက မက်ဂွဲယားရဲ့နာမည်ကို သီဆိုမှုတွေပြုလုပ်ခဲ့ကြတာပါ။

မက်ဂွဲယားက “တကယ်ကို အံ့သြစရာကောင်းပါတယ်။ပွဲတွေမှာ ရွေးချယ်ခြင်းမခံရတဲ့အချိန်မှာ စိတ်ဓါတ်တွေကျခဲ့ပေမယ့် ၆ လနေ ၁၂ လအတွင်း ကျွန်တော်ပြုမူခဲ့တဲ့အရာတွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။ကျွန်တော့်ကို အခွင့်အရေးပေးတဲ့အချိန်မှာ ကျွန်တော်ကလည်း အသင်းရှိသင့်တဲ့နေရာပြန်ရောက်အောင် အကူအညီပေးချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

နောက်ဆုံး ၃ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာတော့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။