မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်းက ပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအတွက် ပွဲဦးထွက်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာ ဟာလန်းဟာ ပြိုင်ပွဲစုံ ၅၂ ဂိုးအထိသွင်းပြီး ဆုဖလား ၃ လုံးရယူနိုင်ခဲ့တာပါ။ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒီဘရိုင်း၊ဂျွန်စတုန်းစ်၊ဆာကာ၊အိုဒီဂတ်နဲ့ ဟာရီကိန်းတို့ကို အသာရပြီး ရရှိသွားခဲ့ပါတယ်။
ဟာလန်းဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပေမယ့် လူငယ်တစ်နှစ်တာအကောင်းဆုံးဆုမှာတော့ ဆာကာကို အနိုင်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။အာဆင်နယ်အသင်းကြယ်ပွင့် ဆာကာဟာ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဟာလန်း၊ကိုင်စီဒို၊မာတင်နယ်လီ၊အီဗန်ဖာဂူဆန်နဲ့ ရမ်ဆေးတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်က ရရှိသွားခဲ့ပါတယ်။ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းမှာတော့ မန်စီးတီးနဲ့ အာဆင်နယ်ကစားသမားတွေကသာ ကြီးစိုးထားတာပါ။
ဂိုးသမားအဖြစ် ရမ်စဒေးလ်၊နောက်တန်းမှာ ထရစ်ပီယာ၊ ရူဘင်ဒီယက်ဇ်၊ဂျွန်စတုန်းစ်နဲ့ ဆာလီဘာ၊ ကွင်းလယ်မှာ ဒီဘရိုင်း၊ရိုဒရီနဲ့ အိုဒီဂတ်၊ ရှေ့တန်းမှာ ဆာကာ၊ ဟာလန်းနဲ့ ဟာရီကိန်းတို့ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

PFA အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ရီချယ်ဒါလီက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ချယ်လ်ဆီးအသင်းတောင်ပံကစားသမား လော်ရန်ဂျိမ်းစ်က ရရှိသွားခဲ့ပါတယ်။