ဝက်စ်ဟမ်းအသင်းဟာ ဒီကလန်ရိုက်စ်ကို အာဆင်နယ်အသင်းထံ ရောင်းချခဲ့ပြီးနောက် ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ဆုံးရှုံးခဲ့တဲ့ မက်ဂွဲယားကတော့ ရာသီသစ်မှာ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာပါ။ဒါပေမယ့် ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို ရောင်းချမယ့် စာရင်းထဲမှာ ထားရှိထားတာဖြစ်ပါတယ်။
ဒီအချိန်မှာ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က မက်ဂွဲယားရဲ့ကစားသမားဘဝကို ကယ်တင်နိုင်ဖို့အတွက် အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ဒါပေမယ့် ယူနိုက်တက်အသင်းက အပြီးသတ်ရောင်းချချင်နေသလို လန်ဒန်ကလပ်ကလည်း ဒီကလန်ရိုက်စ်ကို ရောင်းချရာမှာရခဲ့တဲ့ ပြောင်းရွှေ့ကြေးတွေကြောင့် အပြီးသတ်ဝယ်ယူနိုင်မယ့် အခြေအနေမှာ ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို ဝယ်ယူတုန်းက ပေါင်သန်း ၈၀ ကုန်ကျခဲ့ပေမယ့် အခုနွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၄၀ ရရင်ရောင်းချသွားမယ်လို့ သိရပါတယ်။မက်ဂွဲယားနဲ့ ယူနိုက်တက်အသင်းတို့ ချူပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်းရှိနေတာပါ။

မက်ဂွဲယားဟာ ရာသီသစ်အတွက် လေ့ကျင့်မှုအစီအစဉ်တွေကို စတင်ဖို့ အတွက် ယူနိုက်တက်အသင်းနဲ့ စတင်ပြီးပူးပေါင်းကာ လေ့ကျင့်နေပြီဖြစ်ပါတယ်။