စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ ပြောထားကြောင်း ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌဟောင်း အူလီဟိုးနက်စ်က ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ အဓိကပစ်မှတ်အဖြစ် ကြိုးစားနေပေမယ့် စပါးအသင်းကတော့ သူတို့ရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်စလုံးကို ပယ်ချထားတာပါ။ဂျာမန်ကလပ်ကတော့ ဟာရီကိန်းကို အရခေါ်ယူနိုင်ဖို့ နောက်ထပ်ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ ရှိနေတာဖြစ်ပါတယ်။
အူလီဟိုးနက်စ်ကတော့ ဟာရီကိန်းဟာ သူတို့အသင်းထံ ပြောင်းရွှေ့ဖို့ကို အချက်ပြပြီးဖြစ်တဲ့အတွက် စပါးအသင်းအနေနဲ့ ရောင်းချနိုင်မယ့် ဈေးကို ပြောဖို့ ပြောသွားခဲ့တာပါ။စပါးအသင်းကတော့ ဟာရီကိန်းကို စာချုပ်သစ်ချုပ်ပြီး အသင်းမှာ ဆက်ရှိစေချင်နေတာဖြစ်ပါတယ်။

အူလီဟိုးနက်စ်က “ဟာရီကိန်းဟာ သူဆုံးဖြတ်ချက်ချပြီးပြီဆိုတာကို ရှင်းရှင်းလင်းလင်းအချက်ပြခဲ့ပါတယ်။သူသာစကားတည်ရင် ကျွန်တော်တို့က သူ့ကို ခေါ်ယူမှာပါ။စပါးက သူ့ကို လက်လွှတ်ရမှာဖြစ်ပြီး လီဗိုင်းအနေနဲ့ သူ့ရဲ့ပြောင်းရွှေ့ကြေးကို ပြောရပါမယ်”
“ဟာရီကိန်းဟာ ဥရောပပြိုင်ပွဲကိုကစားချင်ပြီး စပါးက လာမယ့်ရာသီ ဥရောပပြိုင်ပွဲမှာ ရှိမှာမဟုတ်ပါဘူး။ဟာရီကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သူ့ရဲ့အေးဂျင့်၊သူ့အဖေနဲ့ သူ့အစ်ကိုကို အလွန်သဘောကျပါတယ်။သူတို့က အလွန်တော်တဲ့သူတွေပါ”

“အခုထိဟာရီကိန်းအဖွဲ့က သူ့ရဲ့စကားအတိုင်းရပ်တည်နေပါတယ်။ဒီအတိုင်းသာဆိုရင် အပြောင်းအရွှေ့က ဖြစ်မှာပါ”လို့ ဆိုခဲ့ပါတယ်။ဟာရီကိန်းကတော့ စပါးအသင်းနဲ့အတူ ရာသီကြိုခရီးစဉ်ယှဉ်ပြိုင်ဖို့ လိုက်ပါသွားခဲ့ပါတယ်။