ဒေါ့မွန်အသင်းက ပီအက်စ်ဂျီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဥမှာ ဆန်ချိုဟာ ပီအက်စ်ဂျီအသင်းနောက်ခံလူတွေကို ဒုက္ခပေးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ ကစားခဲ့တုန်းက ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဆန်ချိုဟာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ ပြန်လည်ရောက်ရှိလာချိန်မှာတော့ သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့တာပါ။ဆန်ချိုဟာ ဒီပွဲမှာ လိမ်ခေါက်ဖြတ်ကျော်မှု ၁၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာပါ။
ဒီလိုလုပ်နိုင်ခဲ့တာကြောင့် ဆန်ချိုဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဒီလိုမျိုးပြုလုပ်နိုင်တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆန်ချိုဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့်အခွင့်အရေးဖန်တီးမှု ၃ ကြိမ်နဲ့ အများဆုံးလည်းဖြစ်ခဲ့တာပါ။ဆန်ချိုဟာ ဒုတိယအကြိမ်မြောက် ဒေါ့မွန်အသင်းကစားသမားဘဝမှာ ၁၇ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီထားတာဖြစ်ပါတယ်။
ဆန်ချိုအနေနဲ့ ဒီပွဲစဉ်က ခြေစွမ်းကို ဆက်ထိန်းသိမ်းပြီး ဒေါ့မွန်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။