ဘိုင်ယန်မြူးနစ်ကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဆာဘစ်ဇာက သူဟာ ယူနိုက်တက်အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ပြောလိုက်ပြီး အသင်းမှာ အငှားစာချုပ်ထက်ကျော်လွန်ပြီး ရှိချင်တဲ့ အကြောင်းပြောလာခဲ့ပါတယ်။

ဆာဘစ်ဇာဟာ ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆင်ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အငှားနဲ့ ရောက်ရှိလာခဲ့တာပါ။ဆာဘစ်ဇာဟာ မန်ယူနိုက်တက်အတွက် လိဒ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ၂ ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တာအပါအဝင် အသင်းအတွက် ပရီးမီးယားလိဂ် ၃ ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။
ဆာဘစ်ဇာနဲ့ မန်ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့်မပါဝင်ပေမယ့် ကစားသမားကသာ ပြောင်းရွှေ့ချင်တယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီး အပြောင်းအရွှေ့ဖြစ်လာနိုင်တာပါ။

ဆာဘစ်ဇာက “အခုအချိန်မှာ အငှားဆိုတာပဲ ကျွန်တော်ပြောနိုင်ပါတယ်။ဒီမှာနေရာတာ နှစ်သက်သလို၊အလွန်ကောင်းမွန်ပါတယ်။အသင်းကိုရော ကလပ်ကိုရော နှစ်သက်သလို အိုးထရက်ဖိုဒ့်မှာရှိတဲ့လေထုကို နှစ်သက်ပါတယ်။နွေရာသီမှာ ဘာဖြစ်မလဲဆိုတာတော့ မြင်တွေ့ရမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဆာဘစ်ဇာဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘာစီလိုနာနဲ့ ကစားမယ့် ယူရိုပါလိဂ်ပထမအကျော့ပွဲစဉ်ကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။