ယူနိုက်တက်အသင်းရဲ့ဂိုးသမား အိုနာနာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအရေးနိမ့်ခဲ့တာက သူ့ကြောင့်လို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့တဲ့ အိုနာနာဟာ နွေရာသီက ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းမှာ လက်စွမ်းပြသနိုင်ဖို့ ခက်ခဲနေတာပါ။အိုနာနာဟာ ပြီးခဲ့တဲ့ပွဲတွေမှာထဲက သူ့ရဲ့လက်စွမ်းတွေကြောင့် ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲမှာ အိုနာနာရဲ့အမှားတွေကြောင့် ယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုးတွေခွင့်ပြုခဲ့ရပြီး အနောက်ကနေလိုက်ကစားကာ ချေပဂိုးတွေသွင်းယူခဲ့ပေမယ့် ပွဲအပြီးမှာ ၄ ဂိုး- ၃ ဂိုးနဲ့ အသင်းဟာ အရေးနိမ့်သွားခဲ့တာပါ။အိုနာနာကတော့ ဒီရှုံးပွဲအတွက် သူ့မှာ အပြည်အဝတာဝန်ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အိုနာနာက “အသင်းဟာ ကောင်းမွန်စွာစတင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့အမှားတွေကြောင့် အသင်းဟာ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ကျွန်တော်ဟာ အသင်းကို ဆွဲချခဲ့တဲ့သူဖြစ်တဲ့အတွက် ဒီအခြေအနေဟာ ကျွန်တော့်အတွက်ခက်ခဲပါတယ်။ဒီနေ့အသင်းအနိုင်မရခဲ့တာက ကျွန်တော့်ကြောင့်ပါ”
“ကျွန်တော်ဟာ အခုထိ သက်သေပြစရာတွေအများကြီးရှိသေးတဲ့အတွက် သန်မာလာအောင် သင်ယူစရာတွေရှိပါသေးတယ်။မန်ချက်စတာမှာ ကျွန်တော့်ရဲ့အစမကောင်းခဲ့တာကို ကျွန်တော်လည်း မလိုချင်ပါဘူး။ဒီပွဲက ကျွန်တော့်ရဲ့အဆိုးရွားဆုံးပွဲပါ”လို့ ဆိုခဲ့ပါတယ်။

ရာသီအစ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၄ ပွဲအထိရှုံးနိမ့်ထားတဲ့ ယူနိုက်တက်အသင်းဟာ ပေးဂိုး ၁၄ ဂိုးအထိ ခွင့်ပြုထားရတာဖြစ်ပါတယ်။