ဘာစီလိုနာအသင်း ဒါရိုက်တာဒေကိုက ဘရိုက်တန်အသင်းထံ အငှားချထားတဲ့ ကြယ်ပွင့်ကစားသမား အန်ဆုဖာတီဟာ အသင်းထံ ပြန်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

လာမာစီယာအကယ်ဒမီထွက် အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းမှာ မက်ဆီရဲ့ကျောနံပတ် ၁၀ ဂျာစီကို လက်ခံရယူခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ပွဲကစားခွင့်ဆုံးရှုံးခဲ့လို့ အခုရာသီအစမှာ ဘရိုက်တန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။အသက် ၂၁ နှစ်အရွယ်ရှိ အန်ဆုဖာတီဟာ ဒီရာသီမှာ ဘရိုက်တန်အသင်းအတွက် ၁၃ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူထားတာပါ။
အန်ဆုဖာတီရဲ့အငှားစာချုပ်မှာ ဘရိုက်တန်အသင်းအနေနဲ့ အပြီးသတ်ဝယ်ယူခွင့်မပါဝင်တဲ့အတွက် ကစားသမားဟာ အခုရာသီအကုန်မှာ ဘာစီလိုနာအသင်းထံ ပြန်လာရမှာဖြစ်ပါတယ်။

ဒေကိုက “အန်ဆုဖာတီက ဒီကိုပြန်လာနိုင်ပါတယ်။သူဟာ ငယ်သေးပြီး အခုအချိန်မှာ သူပျော်ရွှင်နေပါတယ်။ဘရိုက်တန်က သူဘောလုံးပုံမှန်ကစားခွင့်ရဖို့အတွက် အကောင်းဆုံးရွေးချယ်မှုလို့ ကျွန်တော်ထင်ပါတယ်။သူ့ရဲ့စွမ်းဆောင်ရည်အပေါ်မှာ မူတည်နေပေမယ့် အန်ဆုဟာ ဘာစီလိုနာကိုပြန်လာနိုင်တယ်ဆိုတာ သေချာတယ်”လို့ ဆိုခဲ့ပါတယ်။

အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ၂၀၁၉ ကတည်းက ၁၁၂ ပွဲပါဝင်ကစားထားပြီး ၂၉ ဂိုးသွင်းယူထားပါတယ်။