ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဂါလာတာစာရေးအသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အမှားအယွင်းထပ်မံပြုလုပ်ခဲ့တဲ့ ဂိုးသမား အိုနာနာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဂါလာတာစာရေးအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ ယူနိုက်တက်အသင်းအရေးနိမ့်တဲ့ပွဲမှာ အိုနာနာရဲ့စွမ်းဆောင်ရည်တွေဟာ ကျဆင်းခဲ့ပြီး သူ့ရဲ့အမှားကနေ ဂါလာတာစာရေးအသင်းကို ပင်နယ်တီကန်သွင်းခွင့်ပေးခဲ့ရပါတယ်။အိုင်ကာဒီက ပင်နယ်တီမဝင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ ကတ်စမဲရိုးကို နှစ်ဝါတစ်နီနဲ့ ဆုံးရှုံးခဲ့ရတာပါ။
အိုနာနာဟာ အင်တာမီလန်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ယူနိုက်တက်အသင်းမှာ ပုံမှန်လက်စွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး အမှားအယွင်းတွေပြုလုပ်တာကြောင့် ဝေဖန်မှုတွေအကြိမ်ကြိမ်ခံနေရတာဖြစ်ပါတယ်။ဒါပေမယ့် အဲရစ်တန်ဟတ်ကတော့ အိုနာနာအပေါ် ဆက်ပြီးယုံကြည်မှုရှိနေတာပါ။

အဲရစ်တန်ဟတ်က “ကျွန်တော်သူ့ကို အားပေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ထောက်ခံသွားမှာပါ။သူဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးပါ။သူဟာ ဆီမီးဖိုင်နယ်ရောက်ခဲ့သလို မနှစ်ကလည်း အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိခဲ့ပါတယ်”
“ပွဲတွေအပေါ်မှာ သူ့ရဲ့အရည်အသွေးတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ။သူဟာ အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်မှာပါ”လို့ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပေးဂိုး ၁၈ ဂိုးအထိပေးထားရပြီး ၁၉၆၆-၆၇ ရာသီနောက်ပိုင်း အဆိုးရွားဆုံးပေးဂိုးပမာဏပေးခဲ့ရတာဖြစ်ပါတယ်။