ဂါလာတာစာရေးအသင်းတောင်ပံကစားသမား ဇာဟာက မနက်ဖြန်မနက်ပိုင်းမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို နာကျင်အောင်လုပ်ဖို့ အဆင်သင့်ပဲလို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဇာဟာ ဟာ ပဲလေ့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဂါလာတာစာရေးအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဇာဟာကတော့ ယူနိုက်တက်အသင်းမှာ ကစားတဲ့အချိန်တုန်းက ပွဲကစားခွင့်အနည်းငယ်ရပြီး စိတ်ပျက်စရာတွေကြုံတွေ့ခဲ့ရပေမယ့် ယူနိုက်တက်အသင်းက သူ့ကို ပိုကောင်းတဲ့ ကစားသမားဖြစ်အောင် လုပ်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဇာဟာက ပဲလေ့စ်အသင်းမှာ ကစားခဲ့တုန်းက ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်တွေမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သလို ဒီပွဲမှာလည်း အကောင်းဆုံးလုပ်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဇာဟာက “ယူနိုက်တက်အသင်းက ကျွန်တော်ကစားခဲ့တာကြာမြင့်ခဲ့ပြီဖြစ်တဲ့အသင်းပါ။အခု ကျွန်တော်က အသက် ၃၀ အရွယ်ရှိပြီဆိုတော့ ပွဲတွေအပေါ်မှာ ရင့်ကျက်လာသလို ခံစားရပါတယ်။ကျွန်တော်ဟာ အခုဆိုရင် အသင်းကြီးတစ်သင်းဖြစ်တဲ့ ဂါလာတာစာရေးအသင်းမှာ ရှိနေပါတယ်”
“ကျွန်တော်တို့မှာ အရည်အချင်းရှိတဲ့သူတွေအများကြီးရှိပြီး အတွေ့အကြုံတွေလည်း အများကြီးရှိပါတယ်။ယူနိုက်တက်နဲ့ ပွဲအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့မှာ သူတို့ကို နာကျင်အောင်လုပ်နိုင်တဲ့ ကစားသမားတွေရှိပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်း ဒီပွဲကို စောင့်မျှော်နေပါပြီ”လို့ ဆိုခဲ့ပါတယ်။

ဇာဟာဟာ ဂါလာတာစာရေးအသင်းအတွက် ၆ ပွဲပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားပါတယ်။