ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ကစားမယ့် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အသင်းဟောင်း စပါးအသင်းကို ထိုးနှက်မှုပြုလုပ်သွားခဲ့ပါတယ်။
မော်ရင်ဟိုဟာ စပါးအသင်းကို ကိုင်တွယ်ချိန်မှာ လိဂ်ဖလားဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ပေမယ့် ဗိုလ်လုပွဲမတိုင်ခင်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။အဲ့ဒါကြောင့် မော်ရင်ဟိုဟာ ဒါကို အခဲမကျေသေးတာဖြစ်ပြီး စပါးအသင်းဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေထဲမှာ ဆုဖလားမရခဲ့တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
မော်ရင်ဟိုက ပြီးခဲ့တဲ့အပတ်က စပါးအသင်းဟာ သူနဲ့ရင်နှီးမှုမရှိတဲ့ တစ်ခုတည်းသော ကလပ်ဖြစ်ပြီး အသင်းအကြီးအကဲ လီဗိုင်းက သူ့ကိုဆုဖလားရယူနိုင်အောင် ဗိုလ်လုပွဲကစားခွင့်မပေးခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
အခုအချိန်မှာလည်း မော်ရင်ဟိုက “ရိုးမားနဲ့ စပါးအသင်းရဲ့ကွာခြားချက်ကတော့ ရိုးမားက ဗိုလ်လုပွဲမတိုင်ခင် ကျွန်တော့်ကို မထုတ်ပယ်ဘဲ ဆုဖလားရဖို့ အခွင့်အရေးပေးပါတယ်။စပါးကတော့ ဗိုလ်လုပွဲမတိုင်ခင် ထုတ်ပယ်ခဲ့တယ်”လို့ ပြောခဲ့ပါတယ်။
ရိုးမားအသင်းကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မော်ရင်ဟိုအတွက် ၆ ကြိမ်မြောက် ဥရောပဆုဖလားကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။