ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်ကစားသမား မာနေးကို ပေါင် ၃၅ သန်းနဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ဒဏ်ရာတွေ၊ အသင်းဖော် ဆာနေးကို ထိုးကြိတ်ခဲ့တာတွေကြောင့် မာနေးဟာ တစ်ရာသီအကြာမှာပဲ ဂျာမန်ကလပ်ကနေ ထွက်ခွာခဲ့ရတာပါ။မာနေးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။
အဲ့ဒါကြောင့်လည်း မာနေးဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဆော်ဒီကလပ်မှာ တစ်ပတ်လုပ်ခပေါင် ၆ သိန်းခွဲရရှိမယ်လို့ သိရပါတယ်။ ဆီနီဂေါကစားသမားဟာ အယ်လ်နာဆာအသင်းမှာ ရော်နယ်ဒို၊ ဘရိုဇိုဗစ်၊ ဖိုဖာနာ၊ တဲလက်စ်၊ တယ်လီစကာတို့နဲ့ တွဲဖက်ကစားရတော့မှာပါ။

ဆော်ဒီလိဂ်ဟာ အခုအပြောင်းအရွှေ့မှာ နာမည်ကြီးကစားသမားအများအပြားကို ခေါ်ယူနေပြီး မာနေးဟာ ဒီလိဂ်ကို နောက်ဆုံးရောက်ရှိလာခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။မာနေးဟာ မကြာခင်မှာ အသင်းဖော်အသစ်တွေနဲ့အတူ ပူးပေါင်းပြီး အယ်လ်နာဆာအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်တော့မှာပါ။

အယ်လ်နာဆာအသင်းဟာ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေယှဉ်ပြိုင်နေပြီး ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားပါတယ်။