ပရီးမီးယားလိဂ်ပွဲစဉ် ၂ ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပဲလေ့စ်နဲ့ အာဆင်နယ်အသင်းတို့ပွဲမှာ အာဆင်နယ်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အာဆင်နယ်အတွက်တစ်လုံးထဲသောဂိုးကို ပွဲချိန် ၅၃ မိနစ်မှာ အိုဒီဂတ်က ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။အာဆင်နယ်အသင်းဟာ ပွဲချိန် ၆၇ မိနစ်မှာ နောက်ခံလူ တိုမီယာဆု နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ နာရီဝက်နီပါး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် အနိုင်ရလဒ်ရအောင်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂိုးမပေးခဲ့ရတာကြောင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲတွေမှာ ဂိုးမပေးရတဲ့ ပွဲအရေအတွက် ၂၀၀ အထိရှိသွားခဲ့ပါတယ်။လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ် ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲစလုံးအနိုင်ရထားပြီး ဘရိုက်တန်၊မန်စီးတီးအသင်းတို့နဲ့အတူ ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့အသင်းအဖြစ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။