မနက်ဖြန်မနက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲအချိန်မှာတော့ ဥရောပဘောလုံးပြိုင်ပွဲကြီးရဲ့ဒုတိယမြောက် အဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ ဆီဗီလာနဲ့ ရိုးမားအသင်းတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဆီဗီလာက ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ရှင်ဘုရင်လို့ သတ်မှတ်ခံထားရတာဖြစ်ပြီး ဗိုလ်လုပွဲတက်တဲ့ ၆ ကြိမ်စလုံး ချန်ပီယံဖြစ်ခဲ့တာပါ။ဆီဗီလာဟာ စပိန်လာလီဂါမှာ ဘယ်လောက်ပဲ ခြေစွမ်းဆိုးဆိုး ယူရိုပါလိဂ်ယှဉ်ပြိုင်တဲ့ အချိန်မှာတော့ သူနဲ့မတူအောင်ကို ကောင်းလွန်းနေတာကြောင့်လည်း ယူရိုပါလိဂ်မှာ သူပါဝင်တယ်ဆိုရင် အသင်းတွေအားလုံးအတွက် ကြောက်လန့်နေရတာဖြစ်ပါတယ်။
ရိုးမားအသင်းဘက်မှာတော့ သူတို့ရဲ့ပဲ့ကိုင်ရှင်ကြီး မော်ရင်ဟိုဟာ အီတလီကလပ်အသင်းကို ၂ နှစ်ဆက်တိုက် ဥရောပပြိုင်ပွဲတွေရဲ့ဗိုလ်လုပွဲရောက်ရှိအောင်ပို့ဆောင်ပေးထားတာပါ။ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို အခုနှစ်မှာလည်း ယူရိုပါလိဂ်ချန်ပီယံဆု ရယူနိုင်ဖို့ အခြေအနေကောင်းတွေလည်း ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

ဆီဗီလာနဲ့ တွေ့ရမှာက ရိုးမားအတွက်လန့်စရာအဖြစ်ရှိနေပေမယ့် သူတို့ရဲ့နည်းပြကြီး မော်ရင်ဟိုဟာ ဥရောပပြိုင်ပွဲတွေမှာ ဆရာတစ်ဆူအဖြစ် ရှိနေတာပါ။ဘာကြောင့်လဲဆိုရင် မော်ရင်ဟိုဟာ ဥရောပပြိုင်ပွဲတွေရဲ့ဗိုလ်လုပွဲ ၅ ကြိမ်ယှဉ်ပြိုင်ပြီးခဲ့ချိန်မှာ ဒီ ၅ ကြိမ်စလုံး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီပွဲကတော့ စံချိန်ကောင်းတွေပိုင်ဆိုင်ထားတဲ့ ဆီဗီလာနဲ့ မော်ရင်ဟိုတို့ ၂ ဦးထဲက ၁ ဦးကတော့ မဖြစ်မနေစံချိန်ကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဘယ်သူရဲ့မှတ်တမ်းကောင်းက ရပ်တန့်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။