ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်က ရီးရယ်လ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နောက်ခံလူ ဒီလိုက်ရဲ့နောက်ကျချေပဂိုးကို ခွင့်မပြုခဲ့တဲ့အပေါ် ဒေါသထွက်နေပြီး စည်းကြပ်ဒိုင်လူကြီးရဲ့တောင်းပန်မှုကိုလည်း ဒီအချိန်က တောင်းပန်ရမယ့် အချိန်မဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၁၃ မိနစ်မှာ ဒီလိုက်က ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖိုးတန်ချေပဂိုးသွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးနဲ့ စည်းကြပ်ဒိုင်လူကြီးက လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် တူချယ်လ်ဟာ ဒေါသထွက်နေပြီး VAR ကလည်း ဒီအဖြစ်အပျက်ကို ဝင်ရောက်မစွက်ဖက်ခဲ့တဲ့အတွက် အငြင်းပွားစရာတွေဖြစ်ခဲ့ရတာပါ။
တူချယ်လ်က “တကယ်ကို ဆိုးဆိုးရွားရွားဆုံးဖြတ်ချက်တွေပါ။ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့ အမှားပြုလုပ်ခဲ့ပါတယ်။ဒီအချိန်မှာဆက်ပြီးကစားလို့ရပေမယ့် သူတို့တွေ စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့ကြပါတယ်။စည်းကြပ်ဒိုင်ရဲ့တောင်းပန်မှုကို လက်ခံခဲ့ပေမယ့် ဒါက တောင်းပန်ရမယ့်အချိန်မဟုတ်ပါဘူး။ဒါက ဆီမီးဖိုင်နယ်ဖြစ်ပြီး ဒီလိုအမှားတွေပြုလုပ်လို့မရဘူး”လို့ဆိုခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရှုံးပွဲကြောင့် ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။