ရီးရယ်လ်နဲ့ ချယ်လ်ဆီးကစားသမားဟောင်း ဟာဇက်က ကစားသမားဘဝက အနားယူပြီးနောက် ဘောလုံးကစားရတာကို မလွမ်းတော့ဘူးလို့ ပြောလိုက်ပါတယ်။

ဟာဇက်ဟာ ၂၀၂၃ ဘောလွန်းဒီအောဆုပေးပွဲကို တက်ရောက်ခဲ့ပြီး ရီးရယ်လ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ကို Kopa Trophy ဆုချီးမြှင့်ခဲ့တာပါ။ဒီအခမ်းအနားမှာ တင်ဆက်သူအဖြစ်တာဝန်ယူနေတဲ့ ဒရော့ဘာက ဟာဇက်ရဲ့ကစားသမားဘ၀ အနားယူတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဟာဇက်က “မိသားစု၊ ကလေးတွေနဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ကျွန်တော်လုပ်ချင်တာကို လုပ်လို့ရတယ်။ပြီးပြည့်စုံတဲ့ ဘဝတစ်ခုလိုပါပဲ။လက်ရှိအချိန်မှာ ဘောလုံးကစားရတာကို မလွမ်းပါဘူး။နောက်ထပ်လအနည်းငယ်အတွင်းမှာ ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရတာပေါ့”လို့ ဖြေခဲ့ပါတယ်။

ဟာဇက်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ကလပ်အသင်းအချို့ရဲ့ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် အသက် ၃၂ နှစ်အရွယ်မှာ ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။