ဒီမနက်ပိုင်းက ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်တစ်ပွဲမှာ အင်တာမိုင်ယာမီအသင်းက နယူးယောခ့်ရက်ဘူးလ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို ပွဲထွက်လူစာရင်းက အနားပေးခဲ့ပြီး ဒုတိယပိုင်းမှ ဘတ်စ်ကွက်နဲ့အတူ လူစားလဲဝင်ရောက်ပြီး ကစားခဲ့တာပါ။မက်ဆီဟာ ပွဲချိန် ၈၉ မိနစ်မှာတော့ အင်တာမိုင်ယာမီအသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို အသင်းဖော်နဲ့ တွဲဖက်ကာ လှလှပပ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။
ဒီဂိုးဟာ မက်ဆီအတွက် အင်တာမိုင်ယာမီကစားသမားဘ၀ ပထမဆုံးမေဂျာလိဂ်သွင်းဂိုးလည်း ဖြစ်လာခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ခင်က မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေပြီး နိုင်ပွဲပျောက်ဆုံးကာ အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
လိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာခဲ့တာနဲ့အညီ အင်တာမိုင်ယာမီအသင်းဟာ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ မေဂျာလိဂ်ပြိုင်ပွဲမှာ နယူးယော့ခ်ရက်ဘူးလ်အသင်းကို အနိုင်ယူပြီး နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။

မက်ဆီကတော့ အင်တာမိုင်ယာမီအသင်းကို ရောက်ရှိလာပြီးကတည်းက ပွဲတိုင်းခြေစွမ်းပြသနေတာဖြစ်ပြီး အခုဆိုရင် ၉ ပွဲကစားအပြီးမှာ ၁၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။