မြန်မာအသင်းနည်းပြ မိုက်ကယ်ဖိုင်တန်ဘိုင်နာက မြောက်ကိုရီးယားအသင်းဆီကနေ အမှတ်ရအောင် ကစားသွားမယ်လို့ ဒီနေ့ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

မြန်မာအသင်းနဲ့ မြောက်ကိုရီးယားအသင်းတို့ဟာ အုပ်စုအဖွင့်ပွဲစဉ်တွေမှာ ရှုံးပွဲကြုံတွေ့ထားကြလို့ ဒီပွဲမှာ အမှတ်ရအောင်ယူဖို့ ကြိုးစားသွားကြမှာပါ။မြန်မာအသင်းနည်းပြ မိုက်ကယ်ကတော့ ပရိသတ်တွေအားနဲ့အတူ မြောက်ကိုရီးယားအသင်းနဲ့ပွဲမှာ အနိုင် ဒါမှမဟုတ် သရေရအောင်ယူဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
မိုက်ကယ်က “မြောက်ကိုရီးယားကို ဂျပန်နဲ့ ပွဲကလိုမျိုးမဟုတ်ဘဲ မတူညီတဲ့ ပုံစံနဲ့ ကစားသွားမှာဖြစ်ပါတယ်။အုပ်စုတွင်းမှာ ပါဝင်တဲ့ ဆီးရီးယားနဲ့ မြောက်ကိုရီးယားအသင်းတို့ဟာ ဂျပန်အသင်းနဲ့ ကွဲပြားခြားနားပါတယ်။ဆီးရီးယားနဲ့ ကစားခဲ့တဲ့ မြောက်ကိုရီးယားရဲ့ခြေစွမ်းကို သေချာလေ့လာထားပါတယ်။မြောက်ကိုရီးယားနဲ့ တွေ့တိုင်းသရေတောင်မကစားနိုင်ပေမယ့် ဒီပွဲမှာ အမှတ်ရအောင်ကစားသွားပါမယ်”လို့ ဆိုခဲ့ပါတယ်။

မြန်မာအသင်းဂိုးသမား ကျော်ဇင်ဖြိုးကလည်း “မြောက်ကိုရီးယားနဲ့ပွဲကို ဂျပန်ပွဲကလိုမဟုတ်ဘဲ မတူညီတဲ့ ပုံစံနဲ့ရင်ဆိုင်သွားမှာပါ။ပြင်ဆင်ချိန်လည်းရထားပြီး ခံစစ်၊တိုက်စစ်မျှတအောင် ကစားသွားမှာပါ”လို့ဆိုခဲ့ပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားတို့ရဲပွဲစဉ်ကို နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီအချိန် သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။