အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဘိုလီဗီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲမှာ အသင်းခေါင်းဆောင် မက်ဆီကို အသုံးမပြုခဲ့တာက သူ့ကို မစွန့်စားချင်တာကြောင့်လို့ ပြောလိုက်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ အီကွေဒေါအသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိသွားတဲ့ အခြေအနေကြောင့် လူစားလဲဖို့ တောင်းဆိုခဲ့သလို သူကိုယ်တိုင်ကလည်း ပင်ပန်းနေပြီလို့ ပွဲအပြီးမှာပြောခဲ့တာပါ။ဒါပေမယ့် မက်ဆီဟာ ဘိုလီးဗီးယားအသင်းနဲ့ ပွဲစဉ်ကစားဖို့ကစားမယ့် အသင်းနဲ့အတူ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ဘိုလီဗီးယားအသင်းနဲ့ ပွဲမှာ အရန်လူစာရင်းထဲတောင်မပါဝင်ခဲ့ပေမယ့် ကွင်းထဲမှာ အသင်းနဲ့အတူ ရှိနေခဲ့တာပါ။ပွဲအပြီးမှာတော့ စကာလိုနီက မက်ဆီကို အသုံးမပြုခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့တာဖြစ်ပါတယ်။

စကာလိုနီက “မက်ဆီဟာ ကစားဖို့အဆင်သင့်မဖြစ်သေးသလို သူ့ကိုကြည့်ရတာလည်း အဆင်ပြေနေတယ်လို့ မခံစားခဲ့ရပါဘူး။ဒါကြောင့် ကျွန်တော်တို့သူ့ကို မစွန့်စားဖို့ဆုံးဖြတ်ခဲ့ပါတယ်။တကယ်လို့ သူ့ကိုလူစားလဲပြီးသုံးမယ်ဆိုရင်တောင် ဒဏ်ရာရသွားနိုင်ခြေရှိလို့ မစွန့်စားခဲ့ပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖွင့်ပွဲစဉ် ၂ ပွဲစလုံးကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။