အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဇမာလက်ခ်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ အာရပ်ကလပ်ချန်ပီယံရှစ်ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဒီပွဲမှာ သရေကျခဲ့တာကြောင့် ကွာတားဖိုင်နယ်တက်နိုင်ခဲ့ပေမယ့် ကစားပုံက အကောင်းကြီးမဟုတ်ခဲ့ဘဲ ရုန်းကန်ခဲ့ရတာပါ။ရော်နယ်ဒိုက သူတို့အသင်း ဒီပွဲမှာ အကောင်းဆုံးပုံစံမပြသနိုင်ဘဲ ရုန်းကန်ခဲ့ရတာက ကွင်းဆိုးရွားခဲ့တာကြောင့်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုက “ဇမာလက်ခ်နဲ့ ကစားရတာ ခက်ခဲသလို သူတို့က စနစ်တကျနဲ့ ဖွဲ့စည်းထားတဲ့အသင်းပါ။ဒါပေမယ့် ကွင်းရဲ့အခြေအနေက ဆိုးတာကြောင့် ကျွန်တော်တို့ လှပတဲ့ ဘောလုံးကစားနည်းကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။”

“ပင်ပန်းနေတာတွေကြောင့်လည်း ကျွန်တော်တို့ ကစားရတာ ခက်ခဲခဲ့ပါတယ်။ဒါပေမယ့် အရေးကြီးတဲ့အရာဖြစ်တဲ့ နောက်တစ်ဆင့်ကို ကျွန်တော်တို့ တက်နိုင်ခဲ့ပါတယ်”လို့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ဒီရာသီမှာ ၂ ဂိုးသွင်းယူထားပြီး အသင်းနဲ့အတူ အာရပ်ကလပ်ချန်ပီယံဖလားချန်ပီယံဆုကို မျှော်လင့်လို့ရပြီဖြစ်ပါတယ်။အယ်လ်နာဆာအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ရာဂျာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။