ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ မွန်ဇာအသင်းနဲ့ပွဲမှာ ပြိုင်ဘက်အသင်းဘက်ကို ငိုကြွေးနေတဲ့ အမူအရာပြုလုပ်ခဲ့လို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် သူဘာကြောင့် ဒီလိုထုတ်ပယ်ခံခဲ့ရတာကို နားမလည်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ရိုးမားအသင်းဟာ မွန်ဇာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အယ်လ်ရှာရာဝီက အနိုင်ဂိုးသွင်းယူပြီးနောက် နာကျင်အချိန်ပိုမှာ မွန်ဇာအသင်းအရန်ခုံတန်းဘက်ကို လှည့်ကာ ငိုကြွေးနေတဲ့အမူအရာနဲ့ စကားတွေအရမ်းများလွန်းတယ်ဆိုတဲ့ ပုံစံတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုက “ကျွန်တော်ဘာကြောင့် အနီကတ်ပြသခံရလဲဆိုတာ နားမလည်နိုင်ပါဘူး။ ကျွန်တော်အမူအရာတွေပဲလုပ်ခဲ့တာဖြစ်ပြီး ဘာစကားလုံးတစ်လုံးကိုမှ မပြောခဲ့ပါဘူး။မွန်ဇာအသင်းက ဒိုင်ကို ဖိအားတွေပေးနေတာပါ”လို့ ဆိုခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဒီအနီကတ်ကြောင့် လာမယ့် အင်တာမီလန်အသင်းနဲ့ စီးရီးအေပွဲစဉ်ကို ရိုးမားအသင်းအတွက် ကိုင်တွယ်ပေးနိုင်တော့မှာမဟုတ်ပါဘူး။ရိုးမားအသင်းဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေ အဆင့် ၇ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၄ နေရာက နာပိုလီအသင်းနဲ့ ၃ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။