ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက အခုရာသီအစအသင်းရလဒ်တွေဆိုးနေတဲ့အပေါ် ကစားသမားတွေလည်း တာဝန်ယူရမှာလို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၆၁-၆၂ ရာသီနောက်ပိုင်းအဆိုးရွားဆုံးရာသီစတင်မှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဘက်ကလည်း အဲရစ်တန်ဟတ်နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

ယူနိုက်တက်အသင်းကတော့ ဒီသတင်းတွေအပေါ် ငြင်းဆန်ထားပါတယ်။ဘာမင်ဂမ်အသင်းကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်နီကတော့ အသင်းဟောင်းရလဒ်တွေဆိုးနေတာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်ကို ကာကွယ်လိုက်ပြီး ကစားသမားတွေဟာ ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဝိန်းရွန်နီက “ရလဒ်ဆိုးတွေအပေါ် ကစားသမားတွေလည်း တာဝန်ယူရမှာပါ။ဒီကစားသမားတွေဟာ ကျွန်တော်သိတဲ့ သူတို့လုပ်နိုင်စွမ်းရှိတဲ့အဆင့်မျိုးရောက်အောင်တောင် မစွမ်းဆောင်နိုင်ခဲ့ဘူး”လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ စနေနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ရယူနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။