အင်္ဂလန်အသင်းက မောလ်တာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ကောင်းမွန်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဟာရီကိန်းဟာ ဒီပွဲမှာ ပင်နယ်တီရရှိဖို့ ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းခံခဲ့ရပေမယ့် ပွဲချိန် ၇၅ မိနစ်မှာ အဖိုးတန်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဟာရီကိန်းဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၈ ပွဲဆက်တိုက်ဂိုးသွင်းယူတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စံချိန်သစ်တစ်ခုကို ရရှိခဲ့တာပါ။

အရင်က ဒီလိုမှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ဖူးခြင်းမရှိတဲ့ ဟာရီကိန်းဟာ ဒီ ၈ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။ဟာရီကိန်းဟာ အခုရာသီ ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၂၀ ကစားထားရာမှာ ၂၅ ဂိုးသွင်းယူပြီး ၈ ဂိုးအထိဖန်တီးထားတာပါ။

ဟာရီကိန်းဟာ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပြီး နောက်ထပ်စံချိန်သစ်တင်မယ့် ဂိုးသွင်းနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။