မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်က ဂျပန်အသင်းကို လွန်ခဲ့တဲ့ ၂ နှစ်က ၁၀ ဂိုးပြတ်နဲ့ အရေးနိမ့်တဲ့အခြေအနေနဲ့ အခုအခြေအနေက ကွာခြားသွားပြီလို့ မနက်ဖြန်ကစားမယ့် ဂျပန်အသင်းနဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

မောင်မောင်လွင်က ” ဂျပန်အသင်းက အင်အားကြီး အသင်းကောင်းတစ်သင်း ဖြစ်ပြီး ကျွန်တော်တို့ကိုယ်တိုင် အားပေးနေတဲ့ နာမည်ကျော် ကစားသမားတွေ ပါဝင်နေတဲ့ အသင်းပါ။ ကျွန်တော်တို့ နည်းပြမှာထားတဲ့အတိုင်း သေချာလိုက်လုပ်ပြီး ရလဒ်ကောင်းဖို့ ကြိုးစားပါမယ်။ ပြိုင်ဘက်နဲ့ ပရိသတ်ကို လေးစားမှုနဲ့ ကျွန်တော်တို့ ကစားပါမယ်”

” လွန်ခဲ့တဲ့ ၂ နှစ်က (၁၀-၀)ဂိုးနဲ့ ဒီမှာ အရေးနိမ့်ခဲ့ရပေမဲ့ အဲဒီတုန်းက အခြေအနေနဲ့ လက်ရှိအခြေအနေ မတူပါဘူး။ အဲ့ဒီကာလမှာ ကျွန်တော်တို့ လိဂ်ပွဲတွေ မကစားခဲ့ရဘဲနဲ့ ဘာပြိုင်ပွဲမှ မရှိဘဲ ဂျပန်ကိုရင်ဆိုင်ရတာပါ။ အခုအချိန်မှာ ထိုင်း၊မလေးရှား၊ အင်ဒိုနီးရှား လိဂ်တွေမှာလည်း သွားရောက် ကစားနေကြသလို မြန်မာနေရှင်နယ် လိဂ်လည်း ကစားနေပါပြီ။ ကစားသမားတွေ စွမ်းဆောင်မှု အရင်ကထက် ပိုကောင်းလာပါတယ်။ ကစားဖော်တွေ ကိုလည်း မနက်ဖြန်မှာ သူတို့ စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။

ဂျပန်အသင်းနဲ့ မြန်မာအသင်းတို့ဟာ မနက်ဖြန် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။