ယူနိုက်တက်အသင်းဟာ အခုနွေရာသီမှာ အေတီကိုအသင်းတိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ခေါ်ယူနိုင်ပြီး ဒီအပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် ဂရင်းဝုဒ်ဟာ အေတီကိုအသင်းထံ ရောက်ရှိသွားနိုင်တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/GOAL-Multiple-Images-2-Split-Facebook-2024-05-29T175356.277-1024x576.webp)
ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ အငှားသွားရောက်ကစားချိန်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အေတီကိုအသင်းလည်း ပါဝင်နေတာပါ။အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို စပိန်ကလပ်ထံ ရောင်းချနိုင်ပြီး ဂျာအိုဖီးလစ်ဟာ အိုးထရက်ဖိုဒ့်ထံ ရောက်ရှိသွားနိုင်တယ်တဲ့ အလဲအလှယ်မျိုးဖြစ်နိုင်တယ်လို့ Daily Star က ဖော်ပြထားတာဖြစ်ပါတယ်။
ဂျာအိုဖီးလစ်ဟာ အေတီကိုအသင်းမှာ နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေးအဆင်မပြေတာကြောင့် အသင်းက ထွက်ခွာချင်နေပြီး ချယ်လ်ဆီးအသင်းထံ အငှားလာရောက်ကစားခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့သလို အခု ဘာစီလိုနာအသင်းထံ အငှားကစားချိန်မှာလည်း အပြီးသတ်ဝယ်ယူဖွယ်မရှိတာပါ။အဲ့ဒါကြောင့် ဂျာအိုဖီးလစ်ဟာ အေတီကိုထံ ပြန်ရမှာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/0_Untitled-1-1024x1024.webp)
အေတီကိုအသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူချင်နေတာကြောင့် ဒီတစ်ကြိမ်မှာ ဂျာအိုဖီးလစ်ကို အပြီးသတ်ထွက်ခွာခွင့်ပြုဖို့ရှိနေတာပါ။လက်ရှိအချိန်မှာ ဂရင်းဝုဒ်ကို ဂီတာဖေးအသင်းက ဆက်ပြီးခေါ်ယူချင်နေသလို အေတီကို၊ဂျူဗင်တပ်စ်နဲ့ ဒေါ့မွန်အသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။