ဘာစီလိုနာအသင်းနည်းပြရာထူးကနေ ထွက်ခွာခဲ့တဲ့ ဇာဗီက စပိန်ကလပ်မှာ သူလုပ်ပြခဲ့တဲ့အရာတွေအတွက် လုံလောက်တဲ့အသိအမှတ်ပြုမူမရခဲ့ဘူးလို့ နောက်ဆုံးပွဲစဉ်ကိုင်တွယ်အပြီးမှာ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ်နိုဝင်ဘာလက ဘာစီလိုနာအသင်းကို နည်းပြသစ်အဖြစ် စပြီးတာဝန်ယူခဲ့တဲ့ ဇာဗီဟာ ဒီရာသီအစပိုင်းအသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ရာသီအကုန်မှာ ထွက်ခွာမယ်လို့ကြေညာခဲ့တာပါ။ဒါပေမယ့် လာပေါ်တာက သူ့ကိုအသင်းမှာဆက်နေဖို့ စည်းရုံးခဲ့တာကြောင့် စိတ်ပြောင်းပြီး ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဇာဗီဟာ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့တာကြောင့် လာပေါ်တာနဲ့ ဘုတ်အဖွဲ့က ဒေါသထွက်ပြီး သူ့ကို ထုတ်ပယ်ခဲ့တာပါ။
အဲ့ဒါကြောင့် ဇာဗီဟာ ဆီဗီလာအသင်းနဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်ပြီး ထွက်ခွာခဲ့ပါတယ်။ဇာဗီက ပွဲအပြီးမှာ သူဟာ အသင်းအတွက်လုပ်ပြခဲ့ပေမယ့် လုံလောက်တဲ့အသိအမှတ်ပြုမူမရခဲ့ဘူးလို့ ဖွင့်ဟခဲ့တာပါ။
ဇာဗီက “ကျနော်ဟာ ဒီအသင်းမှာလုပ်ပြခဲ့သလောက် အသိအမှတ်ပြုမူမရခဲ့ဘူးလို့ခံစားခဲ့ရပါတယ်။ကျနော်စကိုင်တုန်းက ဒီအသင်းဟာ အဆင့် ၉ နေရာမှာရှိနေတာပါ။ကျနော်အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးအောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။မနှစ်ကရာသီဆိုရင်လည်း ဆုဖလား ၂ လုံးရယူနိုင်ခဲ့ပါတယ်။ဒီနှစ်မှာတော့ ကျနော်တို့ရောက်ရှိရမယ့် အဆင့်အတန်းမျိုးမရောက်ခဲ့ပါဘူး။ဒါက အရေးပါတဲ့ ၄ ပွဲမှာ ရလဒ်မကောင်းခဲ့လို့ပါ”လို့ဆိုခဲ့ပါတယ်။
ဇာဗီက ဘာစီလိုနာအသင်းက ထွက်ခဲ့ပေမယ့် အသင်းရဲ့ပရိသတ်အဖြစ်ရှိနေမှာဖြစ်ပြီး အနာဂတ်မှာ အသင်းထံ ပြန်လာဖို့ တံခါးဖွင့်ထားတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ဇာဗီဟာ ဘာစီလိုနာအသင်းကို နည်းပြအဖြစ် လာလီဂါနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။