ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ယူနီယံဘာလင်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ပြစ်ဒဏ်ဘောကန်ချက်ကနေ ၁ ဂိုးသွင်းယူပြီးနောက် ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ ပထမဆုံးရာသီမှာ သွင်းဂိုး ၄၀ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၄၁ ပွဲပါဝင်ကစားအပြီးမှာ ဂိုး ၄၀ သွင်းယူကာ ၁၃ ဂိုးဖန်တီးနိုင်ခဲ့တဲ့ အထိခြေစွမ်းပြသနိုင်ခဲ့တာပါ။ဟာရီကိန်းဟာ ဒီသွင်းဂိုး ၄၀ ထဲမှာ ဘွန်ဒစ်လီဂါသွင်းဂိုးက ၃၃ ဂိုးအထိပါဝင်တာကြောင့် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရဖို့ သေချာနေတာဖြစ်ပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါဖလားနဲ့ ပိုကယ်ဖလားလက်လွှတ်ခဲ့ရတာကြောင့် ဟာရီကိန်းအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီဆုဖလား ၂ ခုလက်လွှတ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတာကြောင့် ဆုဖလားရယူနိုင်ဖို့ မျှော်လင့်ချက်တွေရှိနေသေးတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါပွဲစဉ် ၄ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲထပ်ယှဉ်ပြိုင်ရဖို့ ရှိနေသေးလို့ ဟာရီကိန်းအနေနဲ့ တစ်ရာသီသွင်းဂိုး ၅၀ ပြည့်တဲ့အထိ သွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။