အက်စတွန်ဗီလာအသင်းဂိုးသမား မာတီနက်ဇ်ကတော့ လိုင်လီအသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ရဲ့ပင်နယ်တီအဆုံးအဖြတ်မှာ လက်စွမ်းပြကာကွယ်ပြီးနောက် အသင်းကို ဆီမီးဖိုင်နယ်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၁၈ လအကြာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အာဂျင်တီးနားအသင်းအနိုင်ရရှိအောင် လက်စွမ်းပြနိုင်ခဲ့တာပါ။အခု ယူရိုပါကွန်းဖရန့်လိဂ်မှာလည်း ပင်နယ်တီအဆုံးအဖြတ်မှာ လိုင်လီအသင်းရဲ့ပင်နယ်တီ ၂ လုံးကို ကာကွယ်ပြီး ဗီလာအသင်းကို ၁၉၈၂ နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ကို တက်စေခဲ့တာဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ ဒီပွဲစဉ်မှာ မိနစ် ၉၀ အတွင်း အချိန်ဆွဲကစားတယ်ဆိုပြီး အဝါကတ်ပြသခံခဲ့ရသလို ပင်နယ်တီအဆုံးအဖြတ်မှာ လိုင်လီအသင်းရဲ့ပင်နယ်တီကို ကာကွယ်ပြီးနောက် သူ့ကို လှောင်ပြောင်နေတဲ့ လိုင်လီအသင်းပရိသတ်တွေကို တိတ်တိတ်နေဖို့ လုပ်ပြသွားခဲ့တာပါ။အဲ့ဒါကြောင့်လည်း နောက်ထပ်အဝါကတ်ပြသခံခဲ့ရပါတယ်။
ဒါပေမယ့် ပွဲချိန်အတွင်းပြသခံခဲ့ရတဲ့ အဝါကတ်က ပင်နယ်တီအထိ မယူတော့တာကြောင့် မာတီနက်ဇ်ကံကောင်းသွားခဲ့ပြီး အသင်းအတွက် နောက်တစ်ကြိမ်ပင်နယ်တီကာကွယ်မှုကို ပြုလုပ်နိုင်ခဲ့တာပါ။ဗီလာအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အိုလံပီယာကို့စ်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။