ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရပြီး ချန်ပီယံလိဂ်ကနေ ဖြုတ်ချနိုင်ခဲ့လို့ ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။
စပါးအသင်းမှာ ကစားကတည်းက အာဆင်နယ်အသင်းကိုအမြဲတမ်းအနိုင်ကစားချင်ခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အရောက်မှာလည်း ဒီလိုမျိုးထပ်ပြီးဖြစ်ချင်ခဲ့တာပါ။ဟာရီကိန်းဟာ ဒုတိယအကျော့မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းဖော် ကင်မစ်ချ်ရဲ့ဂိုးကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဟာရီကိန်းက “မယုံနိုင်စရာကောင်းတဲ့ နိုင်ပွဲတစ်ပွဲပါ။ကျနော်တို့အတွက် ခက်ခဲတဲ့ရာသီဖြစ်ခဲ့ပြီး တိုက်ပွဲဝင်ခဲ့ရပါတယ်။အိမ်ကွင်းပရိသတ်တွေနဲ့အတူ ကွဲပြားခြားနားအောင်လုပ်နိုင်တယ်ဆိုတာ ကျနော်တို့သိပါတယ်။ဆီမီးဖိုင်နယ်တက်နိုင်တာက ကျနော်တို့အတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီး ဒါကို ပျော်ပျော်ရွှင်ရွှင်ခံယူသွားမှာပါ။ကျနော်တို့ရဲ့မျှော်လင့်ချက်က ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ကြိုးစားသွားမယ်”လို့ဆိုခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ဘွန်ဒစ်လီဂါနဲ့ ပိုကယ်ဖလားတို့ကို လက်လွှတ်ခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဆီမီးဖိုင်နယ်မှာ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။