အာဆင်နယ်အသင်းတိုက်စစ်ကစားသမား ဟာဗက်ဇ်ဟာ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ကစားမယ့် ပွဲမတိုင်ခင်မှာ သူဟာ စပါးအသင်းရဲ့အမာခံပရိသတ်ဖြစ်တယ်လို့ ပြောလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၀၄ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ့် မျှော်လင့်ချက်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက မန်စီးတီးအသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၁ မှတ်အသာနဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်နေတာပါ။
ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကြားရက်ထဲမှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ စပါးအသင်းပွဲစဉ်က အဆုံးအဖြတ်ဖြစ်လာဖို့ရှိနေပါတယ်။မန်စီးတီးအသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အခြေအနေကောင်းသွားမှာဖြစ်ပြီး ခြေချော်ခဲ့ရင်တော့ အာဆင်နယ်အသင်းအတွက် အခွင့်အရေးရှိလာမှာပါ။
အဲ့ဒါကြောင့် ဟာဗက်ဇ်က “ကျနော်က စပါးအသင်းရဲ့အမာခံပရိသတ်ဖြစ်လာမှာပါ။ဒါကြောင့် ကျနော်တို့ အကောင်းဆုံးအရာတွေကို မျှော်လင့်ကြရအောင်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် အာဆင်နယ်က အဲဗာတန်၊မန်စီးတီးက ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။