ပေါ်တူဂီကလပ် စပို့တင်းအသင်းနည်းပြ အေမိုရင်ဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်ဖို့ နှုတ်နဲ့ သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/3947134-80156388-2560-1440-1024x576.jpg)
လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာထွက်ခွာမယ့် နည်းပြ ကလောပ့်နေရာမှာအစားထိုးဖို့ နည်းပြသစ်ရှာဖွေနေပြီး လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ခဲ့တာပါ။ဒါပေမယ့် ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းမှာပဲ ဆက်ရှိမယ်လို့အတည်ပြုခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ အေမိုရင်အပါအဝင် အခြားနည်းပြအချို့ကို ပြောင်းလဲပစ်မှတ်ထားခဲ့ရတာပါ။
ဒီအချိန်မှာ အေမိုရင်က လာမယ့်ရာသီ စပို့တင်းအသင်းမှာ ဆက်ရှိဖို့ အာမမခံနိုင်ဘူးလို့ ပြောပြီးနောက်မှာ လီဗာပူးလ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြတို့ဟာ နှုတ်နဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/ruben-amorim-head-coach-sporting-887269457-1024x683.webp)
ဒီသတင်းတွေနဲ့ပတ်သက်ပြီး အေမိုရင်က “ကျနော်ဟာ ဘယ်ကလပ်နဲ့မှ အင်တာဗျူးမလုပ်ခဲ့သလို ဘယ်ကလပ်နဲ့မှလည်း သဘောတူညီမှုမှမရခဲ့ပါဘူး။ဒါက ကျနော့်အနာဂတ်နဲ့ပတ်သက်ပြီး နောက်ဆုံးအကြိမ်ပြောခဲ့တာပါ။ကျနော်တို့အားလုံးဟာ စပို့တင်းအသင်းနဲ့ ချန်ပီယံဖြစ်ဖို့သာ အာရုံစိုက်နေပြီး ဘာမှပြောင်းလဲမှုမရှိပါဘူး”လို့ဆိုခဲ့ပါတယ်။
စပို့တင်းနဲ့ အေမိုရင်တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေပြီး သူ့ကို ခေါ်ယူမယ့် အသင်းတွေဟာ စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူခွင့်ရှိနေတာဖြစ်ပါတယ်။