ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်ဟာ ဘာစီလိုနာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ တိုက်စစ်မှူး ဘတ်ပီရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/skysports-psg-barcelona_6517390.jpg)
ဘတ်ပီဟာ ဒီပွဲမှာ ဂိုးပေါက်တည့်မှုရော ဂိုးဖန်တီးမှုရော ပြုလုပ်နိုင်ခဲ့ခြင်းမရှိသလို ဘောလုံးဆုံးရှုံးမှု ၁၃ ကြိမ်အထိ ရှိခဲ့တာပါ။ဘတ်ပီအတွက်တော့ စိတ်ပျက်စရာဖြစ်သလို အသင်းကပါ ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် သူဟာ ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။ဘတ်ပီဟာ ဒီပွဲမှာ ဘာစီလိုနာအသင်းနောက်ခံလူတွေကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။
ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ့် ဘတ်ပီအတွက်တော့ ဒုတိယအကျော့ပွဲစဉ်မှာ အသင်းကို ရလဒ်ကောင်းရရှိအောင် မစွမ်းဆောင်ပေးနိုင်ရင်တော့ သူ့ရဲ့ပီအက်စ်ဂျီကစားသမားဘ၀ကို ချန်ပီယံလိဂ်ဆုဖလားမပါဝင်ဘဲ အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်ကတော့ သူတို့ဆီမီးဖိုင်နယ်တက်နိုင်မယ်လို့ ယုံကြည်နေကြောင်း ပြောထားတာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/04/skysports-psg-barcelona_6517389.jpg)
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီလီဂူးဝမ်းပြိုင်ပွဲမှာ ချန်ပီယံဆုရဖို့ နီးစပ်နေပြီး ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။