အိန္ဒိယအသင်းဂန္ထဝင် ဆူနေးလ်ချက်ထရီဟာ ပြီးခဲ့တဲ့ ကူဝိတ်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ပွဲစဉ်မှာ အိန္ဒိယအသင်းအတွက် ပါဝင်ကစားပေးပြီးနောက် နိုင်ငံအသင်းက အနားယူခဲ့ပြီဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ဆူနေးလ်ချက်ထရီဟာ အိန္ဒိယအသင်းအတွက် ၁၅၁ ပွဲပါဝင်ကစားပြီး ၉၄ ဂိုးသွင်းယူထားတာပါ။ဆူနေးလ်ချက်ထရီဟာ ရော်နယ်ဒို၊မက်ဆီတို့နဲ့အတူ နိုင်ငံတကာဂိုးသွင်းအများဆုံးစာရင်းထဲမှာ ပါဝင်နေတဲ့ ဂန္ထဝင်တစ်ဦးလည်း ဖြစ်ပါတယ်။နိုင်ငံတကာဂိုးသွင်းအများဆုံးစာရင်းရဲ့နံပတ် ၁ နေရာမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ၁၂၈ ဂိုးနဲ့ ဦးဆောင်နေတာပါ။
အီရန်ဂန္ထဝင် အလီဒါယီက ၁၀၈ ဂိုးနဲ့ ဒုတိယ၊အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၁၀၆ ဂိုးနဲ့ တတိယ၊ဆူနေးလ်ချက်ထရီက ၉၄ ဂိုးနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဆူနေးလ်ချက်ထရီဟာ အိန္ဒိယအသင်းအတွက် ၂၀၀၅ ခုနှစ်က စတင်ပွဲထွက်ခဲ့တာဖြစ်ပြီး နိုင်ငံအသင်းနဲ့အတူ AFC Challenge Cup ၊SAFF Championship ပြိုင်ပွဲမှာ ချန်ပီယံဆု ၄ ကြိမ်နဲ့ အခြားဆုဖလားတွေကို ရယူနိုင်ခဲ့တာပါ။
ဘန်ဂါလူရုအသင်းမှာ ကစားနေတဲ့ ဆူနေးလ်ချက်ထရီဟာ တစ်ဦးချင်းအကောင်းဆုံးဆုတွေကိုလည်း အများအပြားရရှိထားတာဖြစ်ပါတယ်။