၂၀၂၃ ခုနှစ်အတွက် ဘောလွန်းဒီအောအမျိုးသားကစားသမားဆုကို အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ရရှိသွားခဲ့ပါတယ်။မက်ဆီဟာ ဒီဆုကို ဟာလန်း၊ ဘတ်ပီတို့ကို အသာရပြီး ရရှိသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့တာပါ။မက်ဆီအတွက်တော့ အခုတစ်ကြိမ်ဘောလွန်းဒီအောဟာ သူ့ရဲ့ကစားသမားဘဝအတွက် ၈ ကြိမ်မြောက်ဘောလွန်းဒီအောဖြစ်ခဲ့ပါတယ်။

အမျိုးသမီးဘောလွန်းဒီအောဆုကိုတော့ စပိန်အသင်း ကမ္ဘာ့ဖလားရယူနိုင်ခဲ့ရာမှာ အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ဘွန်မာတီက ရရှိသွားခဲ့ပါတယ်။မန်စီးတီးအသင်းနဲ့ ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ ဟာလန်းက ဂတ်မူလာဆုကို ရရှိသွားခဲ့ပါတယ်။

ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေတဲ့ ဘယ်လင်ဂမ်က Kopa Trophy ဆုကို ရရှိခဲ့ပါတယ်။အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ ယာရှင် Trophy ကို အာဂျင်တီးနားဂိုးသမား မာတီးနက်ဇ်က ရရှိသွားခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံးကလပ်အသင်းဆုကို မန်စီးတီးအသင်းက ရရှိခဲ့ပြီး လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့ တိုက်တွန်းခဲ့တဲ့ ဗီနီစီးယက်စ်ကတော့ Socrates ဆုကို ရရှိသွားခဲ့ပါတယ်။