ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်တိုင်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် အခုနှစ်ရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၀ ဂိုးအမြန်ဆုံးပြည့်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ အယ်လ်နာဆာအသင်းအတွက်အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။ရော်နယ်ဒိုဟာ အသင်းဖော်တယ်လီစကာသွင်းယူခဲ့တဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီး ဒီပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုအနေနဲ့ ဒီပွဲမှာ ဂိုးရနိုင်မယ့်အခွင့်အရေးအချို့ကိုလွဲချော်ခဲ့လို့ ဒီထက်သွင်းဂိုးတွေမရရှိခဲ့တာပါ။

ရော်နယ်ဒိုအတွက်တော့ အယ်လ်တိုင်နဲ့ ပွဲစဉ်က အနိုင်ဂိုးကြောင့် အယ်လ်နာဆာကစားသမားဘ၀ သွင်းဂိုး ၃၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ပွဲပေါင်း ၃၄ ပွဲကစားအပြီးမှာ ဂိုး ၃၀ သွင်းယူနိုင်ခဲ့တာပါ။ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် လိဂ်ပွဲစဉ် ၆ ပွဲဆက်တိုက်ဂိုးသွင်းခဲ့ပြီး ဒီပွဲတွေအားလုံး အယ်လ်နာဆာအသင်းအနိုင်ရခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာကိုရောက်ရှိလာခဲ့ပြီး အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၂ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။