အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ဒါမတ်အသင်းကို အရှုံးကနေ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီးနောက် အသင်းပရိသတ်တွေရဲ့အားပေးမှုတွေကို ကျေးဇူးတင်ကြောင်း ပွဲအပြီးမှာ သူ့ရဲ့ဆိုရှယ်မီဒီယာကနေတဆင့်ပြောခဲ့ပါတယ်။

ပထမပိုင်းမှာ ဒါမတ်အသင်းက အယ်လ်နာဆာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ တယ်လီစကာနဲ့ ရော်နယ်ဒိုတို့က ပြစ်ဒဏ်ဘောကန်သွင်းချက်တွေနဲ့ အယ်လ်နာဆာအသင်းကို နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းပရိသတ်တွေဟာ ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် ပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ကြပြီး စူပါဟီးရိုးအဖြစ် သရုပ်ဖော်ထားတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြတာပါ။ရော်နယ်ဒိုကလည်း အသင်းပရိသတ်တွေရဲ့ဂုဏ်ပြုမှုကြောင့် ကြည်နူးနေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက “ဒီညအားကစားကွင်းကြီးထဲမှာ မယုံနိုင်ဖွယ်ကောင်းတဲ့ အငွေ့အသက်တွေရှိခဲ့ပါတယ်။နိုင်ပွဲရလို့ ပျော်ရွှင်ပြီး ပွဲတိုင်းကို ကြိုးစားပြီးအလုပ်လုပ်နေပါတယ်။အခုလို ချစ်စရာကောင်းတဲ့ ဂုဏ်ပြုမှုတွေအတွက်လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။