ဘာမင်ဂမ်အသင်းနည်းပြသစ်ဖြစ်လာတဲ့ ဝိန်းရွန်နီက ဆော်ဒီကလပ်တွေရဲ့မက်လောက်စရာကမ်းလှမ်းမှုတွေရခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းနဲ့ လမ်းခွဲပြီးနောက် ဆော်ဒီကလပ်အသင်းတွေရဲ့ချိတ်ဆက်မှုတွေကိုရခဲ့တာပါ။ဒါပေမယ့် ဝိန်းရွန်နီဟာ အင်္ဂလန်ကို ပြန်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ဒီကမ်းလှမ်းမှုတွေဟာ သူ့ကို ဆွဲဆောင်နိုင်မှုမရှိခဲ့တာဖြစ်ပါတယ်။
ဝိန်းရွန်နီကတော့ လက်ရှိအချိန်မှာ ဘာမင်ဂမ်အသင်းနဲ့ ၃ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းကို ဆယ်စုနှစ်တစ်ခုကျော်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောခဲ့တာပါ။ဘာမင်ဂမ်အသင်းဟာ ဒီတစ်ပတ်မှာ မယ်ဒယ်ဘရော့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာရပ်တည်နေတဲ့ ဘာမင်ဂမ်အသင်းကို ဝိန်းရွန်နီအနေနဲ့ သူ့ရဲ့အဖွင့်ပွဲစဉ်မှာ ဘယ်လိုရလဒ်ထွက်ပေါ်အောင် ကိုင်တွယ်ပေးနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။