ပါရာဂွေးအသင်းတိုက်စစ်မှူး ဆာနာဘရီယာဟာ အာဂျင်တီးနားအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို တံတွေးနဲ့ မထွေးခဲ့ဘူးလို့ ဆိုရှယ်မီဒီယာနဲ့ဖြေရှင်းလာခဲ့ပါတယ်။

အာဂျင်တီးနားအသင်းက ပါရာဂွေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစစ်ပွဲမှာ မက်ဆီဟာ ဒုတိယပိုင်းမှ လူစားဝင်လာခဲ့တာပါ။မက်ဆီဟာ ဒီပွဲမှာ ဆာနာဘရီယာနဲ့ထိပ်တိုက်တွေ့ခဲ့ပြီး လှည့်အထွက်မှာ ဆာနာဘရီယာက မက်ဆီကို တံတွေးနဲ့ထွေးခဲ့တယ်လို့ ယူဆရတဲ့ ဓါတ်ပုံတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
မက်ဆီကတော့ ဆာနာဘရီယာက ဘယ်သူလဲဆိုတာတောင် သူမသိဘူးလို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။ဆာနာဘရီယာကတော့ ဒီဖြစ်ရပ်ကြောင့် ခြိမ်းခြောက်မှုတွေအများကြီးခံနေရတာကြောင့် ဖြေရှင်းလာခဲ့ရတာဖြစ်ပါတယ်။

ဆာနာဘရီယာက “ဒီအဖြစ်အပျက်တွေကို ဖြေရှင်းဖို့နဲ့ ငြင်းဆန်ဖို့ လိုအပ်တယ်လို့ ခံစားရပါတယ်။ကျွန်တော့်မိသားစုဟာ ဒီအဖြစ်အပျက်ကြောင့် ခြိမ်းခြောက်မှုအများအပြားခံနေရပြီး ထိခိုက်နစ်နာနေရပါတယ်။ကျွန်တော်ဟာ ဒီလိုလေးစားမှုမရှိတဲ့လုပ်ရပ်မျိုးဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ပုံတွေအားလုံးကို ကြည့်ဖို့ အကြံပြုချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ ပွဲစလုံးအနိုင်ရထားပြီး ပါရာဂွေးအသင်းက ၁ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။