မက်ဆီဟာ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် နောင်တရခြင်းမရှိကြောင်းနဲ့ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဇူလိုင်လ ၁၁ ရက်က အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး အခုလာမယ့် တနင်္ဂနွေနေ့မှာ အင်တာမိုင်ယာမီအသင်းဟာ သူ့ကို ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ပေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ပြီးနောက် အင်တာမိုင်ယာမီအသင်းထံ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
မက်ဆီက “ကျွန်တော်တို့ဆုံးဖြတ်ချက်အတွက် ပျော်ရွှင်ပါတယ်။စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ကျွန်တော်ဟာ ဘယ်နေရာကိုပဲရောက်ရောက် အမြင့်ဆုံးအဆင့်မှာ ဆက်လက်စွမ်းဆောင်နိုင်ဖို့ ကျွန်တော်အတွက်ရော အသင်းအတွက်ပါ အမြင့်ဆုံးတွေကို ပေးနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဆုရှင်ဟာ အင်တာမိုင်ယာမီအသင်းမှာ ဘာစီလိုနာအသင်းဖော်ဟောင်း ဘတ်စ်ကွက်၊အာဂျင်တီးနားနည်းပြဟောင်း မာတီနိုတို့နဲ့ ပြန်လည်လက်တွဲရတော့မှာပါ။ဒါ့အပြင် ဘာကာအသင်းဖော်ဟောင်း အယ်လ်ဘာလည်း အင်တာမိုင်ယာမီအသင်းထံ လာဖို့ ရှိနေတယ်လို့ သိရပါတယ်။

မက်ဆီဟာ ဇူလိုင် ၂၁ ရက်မှာကစားမယ့် မက္ကဆီကိုကလပ် ခရုဇ်အဇူလ်အသင်းနဲ့ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲထွက်ပါဝင်ဖွယ်ရှိနေတာဖြစ်ပါတယ်။