ထိုင်းလိဂ် ၁ ကို တန်းတက်လာနိုင်ခဲ့တဲ့ အူထိုင်းသာနီအသင်းဟာ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ခေါ်ယူနိုင်ခဲ့ပြီလို့ အသင်းရဲ့ ဖေ့စဘုတ်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

အူထိုင်းသာနီအသင်းဟာ ရာသီသစ်မှာ ထိုင်းလိဂ် ၁ ပြိုင်ပွဲယှဉ်ပြိုင်ရမှာဖြစ်လို့ အသင်းလူစာရင်းကို တောင့်တင်းအောင် အားဖြည့်နေတာဖြစ်ပြီး ထိုင်းလိဂ်အတွေ့အကြုံအများကြီးရှိတဲ့ အောင်သူကို ခေါ်ယူအားဖြည့်ခဲ့တာပါ။အူထိုင်းသာနီအသင်းဟာ အောင်သူကို လာမယ့်ရာသီအတွက်သာ ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။
အောင်သူဟာ ထိုင်းလိဂ်ရဲ့ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘူရီယမ်၊ မြောင်တောင်၊ လမ်ပန်ဝါရီယာနဲ့ ပူးလစ်တယ်ရိုအသင်းတွေမှာ ကစားခဲ့တာပါ။နောက်ဆုံးကစားခဲ့တဲ့ အသင်းကတော့ လမ်ပန်ဝါရီယာဖြစ်ပြီး မနှစ်ကရာသီက အဆိုပါအသင်းကို လိဂ် ၁ မှာဆက်ရှိနိုင်အောင် ကူညီပေးခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းနိုင်ငံမှာ အောင်မြင်မှုတွေအဖြစ် ဘူရီယမ်အသင်းနဲ့အတူ ထိုင်းအမှတ်ပေးဖလား၊ ထိုင်းအက်ဖ်အေဖလားနဲ့ ထိုင်းလိဂ်ဖလားတွေကို ရယူနိုင်ခဲ့တာပါ။ဒါပေမယ့် အောင်သူဟာ အဆိုပါအသင်းမှာ ပွဲကစားခွင့်ဆုံးရှုံးခဲ့တာကြောင့် ထွက်ခွာပြီး အခြားအသင်းတွေထံ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။