အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ လော့စ်အိန်ဂျလိစ်အသင်းကို အနိုင်ရပြီး မေဂျာလိဂ်ဖလားအတွက် မျှော်လင့်ချက်တွေရှင်သန်လာခဲ့ပြီးနောက် တစ်ရာသီအတွင်းဆုဖလား ၃ လုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရောက်ရှိလာပြီးကတည်းက ထိပ်တန်းအဆင့်စွမ်းဆောင်ရည်တွေကို ပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက်ရှုံးပွဲမရှိဖြတ်သန်းနေတာပါ။အင်တာမိုင်ယာမီအသင်းဟာ လက်ရှိအချိန်မှာ လိဂ်ဖလားချန်ပီယံဆုကို ရယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်အိုးပန်းပြိုင်ပွဲမှာလည်း အင်တာမိုင်ယာမီအသင်းဟာ ဗိုလ်လုပွဲရောက်ရှိနေတာပါ။ဒါပေမယ့် နောက်ထပ်ဆုဖလားဖြစ်တဲ့ မေဂျာလိဂ်ဖလားယှဉ်ပြိုင်ခွင့်ရဖို့ ဆိုရင် ပလေးအောဖ့်အဆင့်ယှဉ်ပြိုင်ရဖို့ လိုအပ်နေတာပါ။လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းဟာ ပလေးအော့ဖ်ဝင်ခွင့်ရနေရာမှာ ရပ်တည်နေတဲ့အသင်းနဲ့ ၈ မှတ်ကွာဟနေတာဖြစ်ပါတယ်။

မက်ဆီကတော့ အင်တာမိုင်ယာမီအသင်းနဲ့ ဆုဖလားတွေထပ်မံရယူနိုင်ဖို့အတွက် မျှော်လင့်နေတဲ့အကြောင်းကို လော့စ်အိန်ဂျလိစ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။
မက်ဆီက “ကျွန်တော်တို့အစုအဖွဲ့က ပိုပြီးကြီးထွားလာပါတယ်။ ကျွန်တော်တို့ဟာ ပြိုင်ပွဲတစ်ခုယှဉ်ပြိုင်ပြီး ဗိုလ်လုပွဲရောက်တာက ကံကောင်းပါတယ်။အခုအချိန်မှာ ကျွန်တော်တို့ဟာ လိဂ်ဖလားကို ရယူနိုင်အောင်ကြိုးစားဖို့အတွက် အကောင်းဆုံး ၈ သင်းထဲဝင်ရောက်ချင်တဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ လိုပါတယ်”

“ကျွန်တော်တို့ဟာ ဆက်ပြီးကြီးထွားနေပြီး အနိုင်ရရှိတာက ယုံကြည်မှုအများကြီးကို ပေးနိုင်မယ်ဆိုတာ အသေအချာပါပဲ”လို့ ဆိုခဲ့ပါတယ်။