အင်တာမိုင်ယာမီအသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ လော့စ်အိန်ဂျလိစ်အသင်းနဲ့ပွဲမှာ အဝေးကွင်းသွားရောက်ကစားပြီး ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရောက်လာပြီးကတည်း ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းပြီး အကောင်းဆုံးပုံစံရရှိနေတာပါ။

မက်ဆီဟာ ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အယ်လ်ဘာနဲ့ ကမ်ပါနာတို့ရဲ့သွင်းဂိုးကို ဖန်တီးကာ ဒီပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ၁၁ ပွဲကစားအပြီးမှာ ၁၁ ဂိုးသွင်းကာ ၅ ဂိုးဖန်တီးထားတာပါ။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရောက်လာပြီးကစားခဲ့တဲ့ မေဂျာလိဂ် ၃ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ မေဂျာလိဂ်အရှေ့ပိုင်းဇုန်ရဲ့အမှတ်ပေးဇယားအောက်ဆုံးနေရာကနေ အဆင့် ၁၄ နေရာအထိ တက်လှမ်းကာ မေဂျာလိဂ်ပလေးအောဖ့်အဆင့် ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေရှင်သန်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ သွားရောက်ပူးပေါင်းရမှာဖြစ်တဲ့အတွက် အင်တာမိုင်ယာမီအသင်းရဲ့ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေပါတယ်။အဲ့ဒါကြောင့် အင်တာမိုင်ယာမီအသင်းအနေနဲ့ မက်ဆီမပါဝင်နိုင်တဲ့ပွဲတွေမှာ အကောင်းဆုံးရလဒ်တွေ ရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။