ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က မာဆေးလ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဘတ်ပီကို လူစားလဲခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူမှသဘောမတူလည်း ဂရုမစိုက်ဘူးလို့ ဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘတ်ပီဟာ ပွဲချိန် ၆၄ မိနစ်အရောက်မှာ ဂွန်ကာလိုရာမို့စ်နဲ့ လူစားလဲခံခဲ့ရတာပါ။ဘတ်ပီဟာ သူ့ကို လူစားလဲခဲ့တဲ့အတွက် အလွန်စိတ်ပျက်တဲ့ပုံစံနဲ့ ကွင်းအတွင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်ဟာ ပြီးခဲ့တဲ့ လီဂူးပွဲစဉ်တွေမှာလည်း ဘတ်ပီကို ပွဲချိန်အစောကြီးလူစားလဲခဲ့တာတွေရှိခဲ့တာပါ။
လူးဝစ်အင်းနရစ်က “ကျနော့်ရဲ့ဆုံးဖြတ်ချက်ကို လူတွေသဘောမတူလည်း ဂရုမစိုက်ပါဘူး။ဒါက အပတ်တိုင်း တူညီနေတဲ့သီချင်းပါပဲ။ ပျင်းဖို့ကောင်းပါတယ်။ကျနော်က နည်းပြဖြစ်ပြီး အပတ်တိုင်းဆုံးဖြတ်ချက်တွေချရပါတယ်။ကျနော်ဟာ ပီအက်စ်ဂျီအတွက် အကောင်းဆုံးလုပ်ဆောင်နေပြီး ကျနော်ဒီမှာရှိနေမယ့် နောက်ဆုံးနေ့အထိ ဒါကိုလုပ်ဆောင်သွားမှာပါ”လို့ဆိုခဲ့ပါတယ်။
ဒီပွဲမှာ ဘတ်ပီရဲ့နေရာလူစားဝင်လာခဲ့တဲ့ ဂွန်ကာလိုရာမို့စ်ဟာ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက ဘရက်စ်အသင်းကို ၁၂ မှတ်ဖြတ်ပြီး လီဂူးဝမ်းအမှတ်ပေးဇယားကို ဦးဆောင်ထားတာဖြစ်ပါတယ်။