ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေခဲ့တဲ့ ရိုးမားအသင်းဟာ အမ်ပိုလီအသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး နိုင်ပွဲစတင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ စီးရီးအေ ၃ ပွဲမှာ ၁ ပွဲသရေ၊ ၂ ပွဲရှုံးရလဒ်နဲ့ တန်းဆင်းဇုန်ထဲ ကျရောက်နေခဲ့ပေမယ့် အမ်ပိုလီအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၁၀ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ဒီပွဲမှာ ပြီးခဲ့တဲ့အပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ရောက်ရှိလာတဲ့ လူကာကူဟာ ရိုးမားအသင်းကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

ရိုးမားအသင်းအတွက် နောက်ထပ်ဂိုးတွေကို ဒိုင်ဘားလားက ၂ ဂိုး၊ ရီနာတိုဆန်းချက်စ်၊ ခရစ်တန်တီ၊ မန်ချီနီနဲ့ အမ်ပိုလီကစားသမား ဂရာဆီက ကိုယ့်ဂိုးကိုယ် ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ရာသီအစပိုင်း ရလဒ်တွေဆိုးနေခဲ့လို့ ဖိအားတွေအောက်အနည်းငယ်ရောက်နေတဲ့ မော်ရင်ဟိုအတွက်လည်း ဒီပွဲရဲ့အနိုင်ရလဒ်ကြောင့် ဖိအားတွေလျော့စေခဲ့တာပါ။

ရိုးမားအသင်းဟာ ကြားရက်ထဲမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရှရစ်ဖ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။