ပြီးခဲ့တဲ့နှစ်တွေမှာ ရလဒ်ဆိုးတွေကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အဝေးမှာသာ ရှိခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံတွေပြန်လည်ရရှိလာခဲ့တာဖြစ်ပါတယ်။

ဥရောပဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခြင်းခံထားရလို့ ဒီရာသီမှာ ပြည်တွင်းပြိုင်ပွဲတွေကိုပဲ အဓိထား ယှဉ်ပြိုင်နေရတဲ့ ဂျူဗင်တပ်စ်အသင်းဟာ နာပိုလီ၊ အေစီမီလန်၊ လာဇီယို၊ အတ္တလန်တာနဲ့ ရိုးမားအသင်းတို့ရဲ့ရလဒ်တွေဆိုးရွားမှုကို အခွင့်ကောင်းယူနိုင်ခဲ့တာကို တွေ့ခဲ့ရတာပါ။
ပြီးခဲ့တဲ့ပွဲမှာ ဖိအိုရင်တီးနားအသင်းကို အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၁ ပွဲသရေကျပြီး ကျန်တဲ့ ၅ ပွဲစလုံးနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဂျုဗင်တပ်စ်အသင်းဟာ စီးရီးအေအမှတ်ပေးဇယားအဆင့် ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးနေရာက အင်တာမီလန်အသင်းနဲ့ ၂ မှတ်သာကွာဟတော့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ဝါရင့်နောက်ခံလူ ဘိုနူချီကို လက်လွှတ်ခဲ့ပေမယ့် ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ခံစစ်ပိုင်းအကောင်းဆုံးအသင်းအဖြစ် အင်တာမီလန်အသင်းနဲ့အတူ ၆ ဂိုးသာပေးထားခဲ့ရတာဖြစ်ပါတယ်။ဂျူဗင်တပ်စ်အသင်းအနေနဲ့ လက်ရှိပုံစံနှုန်းအတိုင်း ဆက်ထိန်းနိုင်မယ်ဆိုရင် ရာသီအကုန်မှာ စီးရီးအေဖလားရယူနိုင်ဖို့ကို ပစ်မှတ်ထားလို့ရမှာပါ။

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်အပတ်မှာ စီးရီးအေပွဲစဉ်အဖြစ် ကာဂလီယာရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။