အာဂျင်တီးနားတိုက်စစ်မှူး လောတာရိုမာတီနက်ဇ်ဟာ အင်တာမီလန်အသင်းက ဆလာနီတာနာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အင်တာမီလန်အသင်းအတွက် ၄ ဂိုးစလုံးသွင်းယူခဲ့တာဖြစ်ပါတယ်။

လောတရိုမာတီနက်ဇ်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၅ မိနစ်မှ လူစားလဲဝင်ရောက်လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၄ ဂိုးစလုံးကို ၃၅ မိနစ်အတွင်းသွင်းယူသွားခဲ့တာပါ။အင်တာမီလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပြီးခဲ့တဲ့ ကြားရက်က ရှုံးနိမ့်မှုကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ အခုနှစ်ဘောလုံးရာသီ စီးရီးအေပွဲစဉ် ၇ ပွဲကစားအပြီးမှာ ၆ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၁၈ မှတ်နဲ့ဒုတိယနေရာက အေစီမီလန်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၁ နေရာမှာ ရပ်တည်နေတာပါ။လောတာရိုမာတီနက်စ်ဟာ ဒီပွဲက ၄ ဂိုးကြောင့် အခုနှစ်ဘောလုံးရာသီ စီးရီးအေပြိုင်ပွဲမှာ သွင်းဂိုး ၉ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဖွင့်ပွဲစဉ်တုန်းက ဆိုစီဒက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။