လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဂျိုတာဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ဂိုးကို ကိုလံဘီယာမှာ မိဘတွေပြန်ပေးဆွဲခံခဲ့ရတဲ့ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်အတွက် ရည်ညွှန်းခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပွဲအတွက်ပြင်ဆင်နေချိန် လူးဝစ်ဒီယက်ဇ်ဟာ မိဘတွေပြန်ပေးဆွဲခံခဲ့ရတဲ့ သတင်းကြောင့် ထိတ်လန့်ခဲ့ရတာဖြစ်ပြီး အသင်းလူစာရင်းကနေ ထွက်ခွာခဲ့တာပါ။လူးဝစ်ဒီယက်ဇ်ရဲ့ အမေက ပြန်လွတ်မြောက်သွားပြီဖြစ်ပေမယ့် ဖခင်ကတော့ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။
ဂျိုတာဟာ နော်တင်ဟမ်အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် လူးဝစ်ဒီယက်ဇ်ရဲ့ဂျာစီကို ကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့တာပါ။ပွဲအပြီးမှာ ဂျိုတာက “ဒီယက်ဇ်ဟာ ဟိုတယ်မှာ ကျွန်တော်တို့နဲ့ အတူရှိခဲ့ပြီး အိမ်ကိုပြန်သွားခဲ့ပါတယ်။ဒါက အလွန်ခက်ခဲတဲ့အခြေအနေပါ။ကျွန်တော်ဟာ ဒီပွဲမှာ သူ့အစားကစားခဲ့ပြီး သူနဲ့အတူ ရှိနေကြောင်း ပြသဖို့ ဂျာစီကို ကိုင်မြှောက်ခဲ့တာပါ”

“သူအရာအားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ဒီလိုအခြေအနေမျိုးဖြစ်လာနိုင်မယ်လို့ ကျွန်တော်တို့ မထင်ခဲ့ပါဘူး။ကျွန်တော်တို့ဟာ ဒီပွဲမှာ သူနဲ့အတူ ရှိနေကြောင်းပြသခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ကလည်း သူ့နည်းပြဘဝမှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲကို ပြင်ဆင်ရတာ အခက်အခဲဆုံးပဲလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။